အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့က ချမှတ်ပေးသော လုပ်ငန်း တာဝန်များ၊
(ခ) ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးအပ်သော လုပ်ငန်းတာဝန်များ၊
(ဂ) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန်များ၊
(ဃ) အခြားဝန်ကြီးဌာနက ပေးအပ်သော လုပ်ငန်းတာဝန်များ၊
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ပေးအပ်ခြင်း
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား အောက်ပါအတိုင်း တာဝန်ပေးအပ်ထားပါသည် -
(က) ပုဒ်မ (၂၆၀) အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ရုံးလည်းဖြစ်သည်။
(ခ ) ပုဒ်မ(၂၈၇)အရ နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အကြီးအမှူး သည် ရာထူးအလျောက် နေပြည်တော်ကောင်စီအတွင်းရေးမှူးဖြစ်သည်။ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နေပြည်တော်ကောင်စီရုံး ဖြစ်သည်။
(ဂ ) ပုဒ်မ (၂၈၈ ) အရ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ ဝန်ထမ်းများအား တာဝန်ပေးအပ်ထားပါသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးအပ်သည့်လုပ်ငန်းတာဝန်များ
နိုင်ငံတော်ငြိမ်ဝမ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၈/၈၈) စကားရပ်များ အစားထိုးသည့် ဥပဒေအရ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၆-၆-၁၉၈၉ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂/၈၉)ဖြင့် အောက်ဖော်ပြပါ လုပ်ပိုင်ခွင့်များကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကျင့်သုံးရန်အပ်နှင်းထားပါသည်-
(က) တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေး ပျက်ပြားစေမည့် လုပ်ရပ်များအား တားမြစ်ခြင်း၊
(ခ ) အများပြည်သူ စိတ်ငြိုငြင်စေမည့် နှောင့်ယှက်မှုများ ဖယ်ရှားစေခြင်း၊
(ဂ) ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးကို လူစုခွဲရန် အမိန့်ပေးခြင်း၊ စီစဉ် ဆောင်ရွက်ခြင်း၊
(ဃ) စာတိုက်နှင့် ကြေးနန်းရုံးများရှိ စာ၊ ကြေးနန်းနှင့် ချောထုတ်များကို ပြစ်မှု ဆိုင်ရာ စုံစမ်းမှုအတွက် လိုအပ်လျှင် ထုတ်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူ များကို ညွှန်ကြားခြင်း၊
(င ) လက်နက်ဥပဒေအရ ပြစ်မှုများကျုးလွန်သူကို တရားစွဲဆို ခွင့်ပြုမိန့်ပေးခြင်း၊
(စ ) မရွှေ့မပြောင်းနိုင်သောပစ္စည်း (မြေ၊ အိမ်)တို့နှင့်ပတ်သက်၍ အငြင်းပွားမှုကြောင့် အေးချမ်းသာယာရေးကို ထိခိုက်လာပါက ဝင် / ထွက်မှုကို တားဆီးခြင်း၊
(ဆ ) လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေရန် ဝရမ်းထုတ်ပေးခြင်း၊
(ဇ ) ဘုန်းတော်ကြီးကျောင်း အဆောက်အဦး၊ မြေ စသည်တို့တွင် အငြင်းပွားမှု ဖြစ်ပါက ဖယ်ရှားခြင်း၊ အငြင်းပွားပစ္စည်းများကို စာရင်းပြုစုထိန်းသိမ်းခြင်း၊
(ဈ ) တရားရုံးသို့ သက်သေခံအဖြစ် တင်ပြခြင်း မပြုရသေးသော သိမ်းဆည်း ထားသည့် ပစ္စည်းများနှင့်ပတ်သက်၍ စီမံခန့်ခွဲခြင်း၊
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန်များ
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပင်မလုပ်ငန်းတာဝန်များအဖြစ် အောက်ပါ လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရပါသည်-
(က) မြေယာစီမံခန့်ခွဲရေးလုပ်ငန်း
(၁) နေပြည်တော်၊ ရန်ကုန် ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပရှိ အစိုးရကစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကို မြေများကို ပုဂ္ဂလိက/ ဌာနဆိုင်ရာ မြေငှားဂရန်၊ စက်မှုမြေငှားဂရန်များခွင့်ပြုချထားခြင်း၊
(၂) အခွန်လွတ်သာသနာ့မြေဂရန်များ ခွင့်ပြုချထားခြင်း၊
(၃) ဗဒ္ဓသိမ်မြေဂရန် ခွင့်ပြုချထားခြင်း၊
(ခ ) ယစ်မျိုးစီမံခန့်ခွဲရေးလုပ်ငန်း
(၁ ) နှစ်စဉ်ယစ်မျိုးအစီအစဉ်များရေးဆွဲတင်ပြခြင်း၊
(၂) နှစ်စဉ်ယစ်မျိုးလိုင်စင်များ ခွင့်ပြုချထားပေးခြင်း၊
(၃) အရက်ချက်လုပ်ငန်းမှ ထုတ်လုပ်သောအရက်များအား ဓါတုဗေဒဝန်ထံစစ်ဆေးခံရန်ကြီးကြပ်ဆောင်ရွက်ခြင်း၊
(ဂ ) အခွန်(၄)မျိုးကောက်ခံခြင်းလုပ်ငန်း
(ဃ) ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း
(င) မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကိုကန့်သတ်သည့် ဥပဒေဆိုင်ရာ လုပ်ငန်း
(စ) အသင်းအဖွဲ့များ ဥပဒေနှင့်အညီ ဖွဲ့စည်းခွင့်ပြုရေးလုပ်ငန်း
(ဆ) ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်ရေးဆိုင်ရာလုပ်ငန်း
(ဇ) မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးလုပ်ငန်း
(ဈ) မြို့၊ ရပ်ကွက်/ ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းရေးလုပ်ငန်း
အခြားဝန်ကြီးဌာနများမှ အပ်နှင်းသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ လုပ်ငန်းများ ဆောင်ရွက်ခြင်း
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မိမိ၏ ပင်မလုပ်ငန်းတာဝန်များအပြင် အခြား ဌာနများမှ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များအရ လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးကြ ရပါသည်။ ယခုလက်ရှိ အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဌာနများ ၏ကိုယ်စား ဆောင်ရွက်ပေးလျက်ရှိပါသည်-
(က) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုစီးဌာန၏ ၁၀-၃-၁၉၈၉ ရက်စွဲပါစာအမှတ်၊ အခရ/ အင်ဒီ - အီးဒီ/ ၉၃၀ အရ စက်မြင်းကောင်ရေ (၂၀)ထက် မပိုသော စက်တပ်ရေယာဉ်ငယ်များ စစ်ဆေးမှတ်ပုံတင်ခြင်း၊
(ခ ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၃၁-၁၀-၁၉၈၉ ရက်စွဲပါ စာအမှတ်၊ ၃-၅/၅၁ အပိုင်း ၂ (၈၉) ၁၆၅၆ အရ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊
(ဂ ) ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀-၉-၁၉၈၉ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅) အရ ရုပ်ရှင်ပြသရန်နေရာအတွက် လိုင်စင်ထုတ်ပေးသည့် အာဏာပိုင် အဖြစ် ဆောင်ရွက်ခြင်း၊
(ဃ) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ အပ်နှင်းထားသော အောက်ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်ခြင်း-
(၁) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၂၈-၆-၁၉၈၉ ရက်စွဲပါ စာအမှတ်၊ ဘ-၂(၄) ၇/၃(၈၉)နှင့် ဘ-၂(၄) ၇/၅(၈၉)နှင့် ၁၉-၈-၁၉၉၁ရက်စွဲပါ စာအမှတ်၊ ဘ-၂(၄)/၇၃(၈၉)(၃၈၇/၉၀)တို့အရ အငြိမ်းစားယူသော သို့မဟုတ် အငြိမ်းစားမယူမီ ကွယ်လွန်သော ဝန်ထမ်းများအတွက် ယာယီအငြိမ်းစားလစာနှင့် ဆုငွေများ ကြိုတင်ထုတ်ပေးရေးကိစ္စ။
(၂) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၂၈-၆-၁၉၈၉ ရက်စွဲပါစာအမှတ်၊ ဘ-၂(၄)၇/၄(၈၉)အရ တစ်လုံးတည်းပင်စင် လဲလှယ်ရေးအတွက် အငြိမ်းစားများတင်သွင်းသော လျှောက်လွှာများ ဆောင်ရွက်ပေးရေး ကိစ္စ။
(၃) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၂၈-၆-၁၉၈၉ ရက်စွဲပါစာအမှတ်၊ ဘ - ၂(၄) ၅ / ၂ (၇၉၉/၈၈) အရ ပြစ်ဒဏ်မှလွတ်မြောက်လာသော အငြိမ်းစားများ၏ ပင်စင်ကို ပြန်လည်ထုတ်ယူခွင့်ပြုရေးကိစ္စ။
(၄) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၂၈-၆-၁၉၈၉ရက်စွဲပါ စာအမှတ်၊ ဘ-၂(၄) ၇/၂(၈၉)နှင့် ၂၀-၅-၁၉၉၃ရက်စွဲပါ စာအမှတ်၊ ဘ-၂(၄) ၇/၂ (၈၉) (၉၂/၉၃)တို့အရ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ဝန်ထမ်းအဖွဲ့ အစည်းများမှ ကွယ်လွန်သူအငြိမ်းစားများအတွက် ထုတ်ပေးရန် ကျန်ရှိသော အငြိမ်းစားလစာငွေများထုတ်ပေးရေးကိစ္စ။