အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်း

နိဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားဖြစ်စဉ်ကို ပြန်လည် လေ့လာရာတွင် ကိုယ်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ရှိစဉ်အခါကတည်းက နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားသည် မှူးကြီးမတ်ရာ၊ သေနာပတိ၊ မြို့စား၊ နယ်စား၊ ရွာစားစသည်တို့ကို မဏ္ဍိုင်ပြု၍ ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ထို့နောက် ဗြိတိသျှကိုလိုနီနယ်ချဲ့တို့မှ မြန်မာနိုင်ငံကို သိမ်းယူခဲ့ပြီး ၄င်းတို့အလိုကျ ကိုလိုနီစနစ်အုပ်ချုပ်ရေးကို သွတ်သွင်းအုပ်ချုပ်ခဲ့ပါသည်။ ထိုစဉ်ကပင် အုပ်ချုပ်ရေးယန္တရားအား ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းများကို မဏ္ဍိုင်ပြု၍ လည်ပတ်စေခဲ့ရာ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၊ အခွန်တော်ကောက်ခံရေး၊ စည်ပင်သာယာရေး၊ ဒေသဖွံဖြိုးရေးကိစ္စများကို အစိုးရအဆက်ဆက်က တာဝန်ပေးအပ်သည့် အတိုင်း ဆောင်ရွက်ခဲ့ရပါသည်။

ကိုလိုနီခေတ်မြန်မာနိုင်ငံအုပ်ချုပ်ရေး
ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား ၁၈၂၄ ခုနှစ်၊ ပထမအကြိမ် ကျူးကျော်စစ်ပွဲတွင် ရခိုင်နှင့်တနင်္သာရီကို သိမ်းပိုက်ခဲ့သည်မှစ၍ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး စတင်ခဲ့ပါသည်။ ရခိုင်ဒေသ၏အုပ်ချုပ်ရေးကိုဘင်္ဂလားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ထားပြီး တနင်္သာရီကိုမူ အိန္ဒိယဘုရင်ခံချုပ်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိပါသည်။ ဒုတိယကျူးကျော် စစ်ဖြစ်ပွားသည့် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်တို့က ပဲခူးတိုင်းကို သိမ်းပိုက်ပြီး ရခိုင်၊ တနင်္သာရီ နှင့် ပဲခူးဒေသကိုပေါင်း၍ ဗြိတိသျှမြန်မာနိုင်ငံအဖြစ် ဖွဲ့စည်းကာ ဝန်ရှင်တော်မင်းကြီး (Commissioner)က အုပ်ချုပ်ပါသည်။ ၁၈၈၅ ခုနှစ်တွင် တတိယအကြိမ် အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားပြီး အထက်မြန်မာနိုင်ငံကိုပါ ဗြိတိသျှတို့က သိမ်းပိုက်လိုက်ပါသည်။ ထိုကာလ အတွင်း မြန်မာ့လွှတ်တော်ကို မဖျက်သိမ်းဘဲ ကင်းဝန်မင်းကြီး ဦးကောင်းနှင့်ပူးပေါင်း၍ ၁၈၈၆ ခုနှစ်၊ မတ်လအထိ စစ်အုပ်ချုပ်ရေးအသွင်ဖြင့် အုပ်ချုပ်ခဲ့ပါသည်။ ထို့နောက် အောက်မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံကိုပေါင်းပြီးအိန္ဒိယဘုရင်ခံချုပ်က ခန့်အပ်သော မဟာဝန်ရှင်တော်မင်းကြီး (Chief Commissioner)က အုပ်ချုပ်ခဲ့ပါသည်။ ၁၈၉၇ ခုနှစ်တွင် မြန်မာနိုင်ငံအား ဒုတိယဘုရင်ခံချုပ် အုပ်ချုပ်သည့် ပြည်နယ်အဖြစ် တိုးမြှင့်လိုက်ပါသည်။ ၁၉၀၈ခုနှစ်တွင် မြန်မာနိုင်ငံ အတွင်းဝန်များရုံး “ကိုဓ”ဥပဒေကို ပြဌာန်း၍ ၄င်းဥပဒေအရ အတွင်းဝန်ချုပ်သည် အစိုးရအဖွဲ့ကို တာဝန်ခံ၍ အထွေထွေအုပ်ချုပ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ကိုလိုနီအုပ်ချုပ်ရေးယန္တရားကို ဒိုင်အာခီမတိုင်မီအုပ်ချုပ်ရေး၊  ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ ဌာနအုပ်ချုပ်ရေး ဟူ၍ ကာလ (၃)ပိုင်းခွဲခြားနိုင်ပါသည်။

ပါလီမန်ဒီမိုကရေစီခေတ်အုပ်ချုပ်ရေး
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် လွတ်လပ်ရေးကို ကြေညာ၍ ပြည်ထောင်စု မြန်မာနိုင်ငံကို ထူထောင်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိကာလသည် ဖဆပလခေတ် ပါလီမန်အုပ်ချုပ်ရေးကာလဟု သတ်မှတ်နိုင်ပါသည်။ ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှု ကိစ္စအဝဝကို ဆောင်ရွက်ရန် ဝန်ကြီးဌာနများ (Functional Ministries)များ ဖွဲ့စည်းရာတွင် ပြည်ထဲရေးဝန်ကြီးဌာနလည်း ပါဝင်၍ ဝန်ကြီးဌာနတစ်ခုချင်းအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် အတွင်းဝန်များရုံးကိုလည်း ဖွဲ့စည်းထားပါသည်။ ပြည်မတွင် နိုင်ငံတော် အစိုးရအဖွဲ့ကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာနက အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အမာခံထား၍ စီမံခန့်ခွဲပါသည်။ ဝန်ကြီးသည် အုပ်ချုပ်ရေးလုပ်ငန်းဆိုင်ရာ “မူဝါဒ”များ ချမှတ်ပြီး အတွင်းဝန်က လုပ်ငန်းအောင်မြင်ရေးအတွက် ကြီးကြပ်ကွပ်ကဲ၍ အကောင်အထည်ဖော်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ ဝန်ထမ်း (Burma Civil Services)များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများသည် ဝန်ကြီးဌာနအသီးသီးနှင့် အတွင်းဝန်ရုံးအဖွဲ့များတွင် အတွင်းဝန်၊ ဒုတိယအတွင်းဝန်နှင့် အတွင်းဝန်ကလေးများအဖြစ်လည်းကောင်း၊ နယ်များတွင် တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင်၊ လက်ထောက်မြို့ပိုင်များအဖြစ်လည်းကောင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကာလတွင် ပြည်ထဲရေးဝန်ကြီးဌာန၌ အောက်ပါဌာနခွဲများ ဖွဲ့စည်းထားပါသည်-
    (က)    အထွေထွေအုပ်ချုပ်ရေးဌာနခွဲ
    (ခ )    ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးဌာနခွဲ (မြူနီစပါယ်နှင့်ဒိစကြိတ်ကောင်စီများ)
    (ဂ )    ပြည်သူ့ရဲတပ်ဖွဲ့
    (ဃ)    အထူးစုံစမ်းစစ်ဆေးရေးဌာနခွဲ
    (င )    လူဝင်မှုကြီးကြပ်ရေးဌာနခွဲ
    (စ )    အမျိူးသားမှတ်ပုံတင်ဌာနခွဲ
    (ဆ)    သန်းခေါင်စာရင်းဌာနခွဲ
    (ဇ )    မီးသတ်ဌာနခွဲ
    (ဈ )    ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲ    
    (ည)    ရာထူးဝန်အဖွဲ့
    (ဋ )    ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း
    (ဌ )    သာသနာရေးဌာနခွဲ
    (ဍ )    ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယဌာနခွဲ

၁၉၄၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးကိစ္စအဝဝကို အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများသည် ဝန်ကြီးဌာနအချို့ကို အောက်ပါအတိုင်းတာဝန်ခံ၍ ဆောင်ရွက်ခဲ့ပါသည်-
(က)    ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ခံ၍ ကျေးရွာမြို့ပြအုပ်ချုပ်ရေး (ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး) ဆိုင်ရာလုပ်ငန်းများနှင့် အထွေထွေအုပ်ချုပ်ရေးလုပ်ငန်းများ၊
(ခ )    တရားရေးဝန်ကြီးဌာနကိုတာဝန်ခံ၍ရာဇဝတ်မှုနှင့်ပြစ်မှုကြိုတင်ကာကွယ်ရေး၊ မှုခင်းဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းများ၊
(ဂ )    ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို တာဝန်ခံ၍ မြေယာအုပ်ချုပ်ရေး၊ ယစ်မျိူး အုပ်ချုပ်ရေး၊ ငွေတိုက်အုပ်ချုပ်ရေး လုပ်ငန်းများ၊
(ဃ)    လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာနကို တာဝန်ခံ၍ မရွှေ့မပြောင်းနိုင် သောပစ္စည်များ၊ စာချုပ်စာတမ်း မှတ်ပုံတင်လုပ်ငန်းများ၊
(င )    ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရဝန်ကြီးဌာနကို တာဝန်ခံ၍ မြူနီစပါယ်၊ မြို့ကော်မတီ၊ ဒိစကြိတ် ကောင်စီနှင့် ခရိုင်အုပ်ချုပ်သော ဒေသန္တရအဖွဲ့များဆိုင်ရာ လုပ်ငန်းများ၊
(စ )    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကိုတာဝန်ခံ၍ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းနှင့် လူမှုဝန်ထမ်းလုပ်ငန်းများ၊
(ဆ)    နိုင်ငံတော်အစိုးရမှ ပေးအပ်သော အခြားတာဝန်များ၊
၁၉၅၇ ခုနှစ်တွင် အတွင်းဝန်ချုပ်၏ တာဝန်ဝတ္တရားများကို ပြန်လည်သတ်မှတ်ရာ၌ အတွင်းဝန်ချုပ်၏ ပင်ရင်းဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအစားဝန်ကြီးချုပ်ရုံး လက်အောက်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ ယင်း သတ်မှတ်ချက်အရ ၁၉၅၈ ခုနှစ်၊ ဇွန်လ(၁၃) ရက်နေ့မှ စ၍ အတွင်းဝန်ချုပ်ကို နိုင်ငံတော်ဝန်ကြီးချုပ်ရုံး လက်အောက်သို့ လွှဲပြောင်းပေးလိုက်ပြီး နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ အတွင်းဝန်သည် အထွေထွေအုပ်ချုပ်ရေးလုပ်ငန်းများ၏ အကြီးအကဲအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
အုပ်ချုပ်မှုအာဏာအနေဖြင့် ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အကြီးအကဲဖြစ်၍ ဝန်ကြီး အဖွဲ့ကို ဦးဆောင်ပါသည်။ အစိုးရကိစ္စအရပ်ရပ်ကို ပြည်နယ်များတွင် အုပ်ချုပ်ရေးအာဏာအား အောက်ပါအတိုင်းသတ်မှတ်ကျင့်သုံးပါသည်-
    (က)    ပြည်မတွင် ပြည်ထဲရေးဝန်ကြီးဌာနက စီမံခန့်ခွဲပါသည်။
    (ခ )    ပြည်နယ်များတွင် ပြည်နယ်ဦးစီးအဖွဲ့က စီမံခန့်ခွဲပါသည်။
(ဂ )    နယ်ခြားဒေသတိုင်း(၃)တိုင်း၊ ခရိုင်(၇)ခုနှင့် မြို့နယ်(၁၈)မြို့နယ်ကို နယ်ခြား ဒေသအုပ်ချုပ်ရေးဌာနက စီမံခန့်ခွဲပါသည်။

၁၉၆၂ ခုနှစ်အတွင်း တော်လှန်ရေးကောင်စီအစိုးရလက်ထက်၊ ၁၉၆၂ ခုနှစ်၊ မေလ (၉)ရက်နေ့တွင် တပ်မတော်က ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ အပါအဝင် လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပြီး ပြည်နယ်များတွင် ကချင်၊ ကရင်၊ ကယား၊ ရခိုင်နှင့် ချင်းပြည်နယ်များကို ဖျက်သိမ်း၍ ပြည်နယ်ဦးစီးအဖွဲ့များဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စတင်ဖွဲ့စည်းခြင်း
၈။    မြန်မာနိုင်ငံတွင် တည်ရှိခဲ့သည့်အုပ်ချုပ်ရေးစနစ်သည် အခြေခံအားဖြင့် ကိုလိုနီ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ထားသည့် စနစ်သာဖြစ်သည့်အလျောက် တိုင်းရင်းသားလူမျိူး တို့၏ အကျိူးကို ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် ဆိုရှယ်လစ်ဒီမိုကရေစီ ယန္တရား တပ်ဆင် နိုင်ရေးအတွက် အသင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားနိုင်ရန် တော်လှန်ရေးကောင်စီသည် ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ၏ ၁၅-၃-၇၂ ရက်စွဲပါ ကြေညာချက်အမှတ် (၉၇)အရ အုပ်ချုပ်ရေးစနစ်သစ်ကို ဖော်ထုတ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနအား ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရအဖွဲ့များဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ အမျိူးသား မှတ်ပုံတင်ရေးနှင့် သန်းခေါင်စာရင်းဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းပြီး ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအောက်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို သီးခြားဌာနတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ ယခင်ဆောင်ရွက်ခဲ့သည့် အထွေထွေ အုပ်ချုပ်ရေးလုပ်ငန်း၊ စည်ပင်သာယာရေးလုပ်ငန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးကို ရုံးချုပ်၊ ပြည်နယ်/ တိုင်းရုံးနှင့် မြို့နယ်ရုံးများဟူ၍ အဆင့်ဆင့် ဖွဲ့စည်းပါသည်။
၉။    အုပ်ချုပ်ရေးစနစ်သစ်အရ နယ်အုပ်ချုပ်ရေးဝန်ထမ်းများဖြစ်သော တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်မြို့ပိုင်များမှ ထမ်းဆောင်လျက်ရှိသည့် ရာဇဝတ်တရားစီရင်ရေး၊ မြေနှင့် အခွန်အုပ်ချုပ်ရေး၊ ငွေတိုက်အုပ်ချုပ်ရေး၊ စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနအသီးသီးသို့ အောက်ပါအတိုင်း လွှဲပြောင်း ပေးအပ်ခဲ့ပါသည်-
(က)    ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ခံလုပ်ကိုင်ရသော အထွေထွေအုပ်ချုပ်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှအပ ရဲလက်စွဲနှင့် လက်နက်ဥပဒေပါ လုပ်ငန်းတာဝန်များကို ပြည်သူ့ရဲတပ်ဖွဲ့သို့လည်းကောင်း၊
(ခ )    အကျဉ်းထောင်လက်စွဲပါ လုပ်ငန်းများကို အကျဉ်းဦးစီးဌာနသို့လည်းကောင်း၊
(ဂ )    နိုင်ငံခြားသားများ မြန်မာနိုင်ငံသားဖြစ်မှု စည်းမျဉ်းဥပဒေပါလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသို့လည်းကောင်း၊
(ဃ)    အထက်မြန်မာပြည် ကျောက်မျက်ရတနာစည်းမျဉ်းဥပဒေပါ လုပ်ငန်းများကို သတ္တုတွင်းဝန်ကြီးဌာနသို့လည်းကောင်း၊
(င )    စက်ရေနွေးအိုးဥပဒေပါ လုပ်ငန်းများကို အလုပ်ရုံစစ်ဆေးရေးဦးစီးဌာနသို့ လည်းကောင်း၊
(စ )    စိတ္တဇရောဂါ၊ အနာကြီးရောဂါ အက်ဥပဒေပါလုပ်ငန်းများကို ကျန်းမာရေး ဦးစီးဌာနသို့လည်းကောင်း၊
(ဆ)    တရားရေးဝန်ကြီးဌာနကို တာဝန်ခံ၍ ဆောင်ရွက်ရသော ပြစ်မှုဆိုင်ရာ ကြိုတင် ကာကွယ်ရေး၊ ရာဇဝတ်တရားစီရင်ရေးလုပ်ငန်းများကို တရားရေးဝန်ကြီး ဌာနသို့လည်းကောင်း၊
(ဇ )    ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို တာဝန်ခံ၍ဆောင်ရွက်ရသောလုပ်ငန်းများကို ပြည်တွင်းအခွန်များ ဦးစီးဌာနသို့လည်းကောင်း၊
(ဈ )    ငွေတိုက်နှင့် လက်အောက်ငွေတိုက်လုပ်ငန်းများကို မြန်မာ့စီးပွားရေးဘဏ်သို့ လည်းကောင်း၊
(ည)    လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာနကို တာဝန်ခံ၍ ဆောင်ရွက်ရသော မြေနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်များစာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပါ လုပ်ငန်းများကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသို့ လည်းကောင်း လွှဲပြောင်း ပေးခဲ့ပါသည်။

၁၀။    ယင်းသို့ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များသည် အောက်ပါအတိုင်း ပြောင်းလဲသွားခဲ့ပါသည်-    
    (က)    မြို့ပြနှင့်ကျေးလက်ဒေသအုပ်ချုပ်ရေး
    (ခ )    ကျေးလက်ဒေသဖွံ့ဖြိုးရေး
    (ဂ )    စာပေစိစစ်ရေးနှင့်ပုံနှိပ်သူများ၊ ထုတ်ဝေသူများမှတ်ပုံတင်ရေး
(ဃ)    ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များ
(င )    ဦးစီးဌာနတစ်ခုလုံး၏ ဝန်ထမ်းရေးရာ၊ ငွေစာရင်းနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းတာဝန်များ၊
(စ )    ဝန်ကြီးဌာနကပေးအပ်သည့် အခြားအထွေထွေလုပ်ငန်းတာဝန်များ

၁၁။    ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းပြီးနောက် ခရိုင်အဆင့်၊ ခရိုင်ခွဲ အဆင့်နှင့် မြို့နယ်ခွဲအဆင့်များကို ဖျက်သိမ်းခဲ့ပါသည်။ စီမံခန့်ခွဲရေးအဆင့်အနေဖြင့် ပြည်နယ်၊ တိုင်း၊ မြို့နယ်များအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး လုပ်ငန်းပမာဏနှင့် လူဦးရေအပေါ် အခြေခံ၍ ရုံးများကို (က)အဆင့်၊ (ခ)အဆင့်၊ (ဂ)အဆင့်ဟူ၍ သတ်မှတ်ခဲ့ပါသည်။

၁၂။    ၂-၃-၁၉၇၄ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ကောင်စီဥပဒေကို ပြဌာန်း၍ ပြည်နယ်၊ တိုင်း၊ မြို့နယ်နှင့် ရပ်ကွက်/ ကျေးရွာ အုပ်စု ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် အလုပ်အမှုဆောင်အဆင့်ဆင့်ကို ဖွဲ့စည်းပါသည်။      ၂-၈-၁၉၇၆ ရက်နေ့တွင် နိုင်ငံတော်ကောင်စီက ကြေညာချက်အမှတ် (၅/၇၆)ကို ထုတ်ပြန်၍ ပြည်သူ့ကောင်စီအဆင့်ဆင့်၏ အလုပ်အမှုဆောင်အဆင့်ဆင့်အား တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းခဲ့ရာ ယခင်တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်၊ မြို့ပိုင်တို့၏ လုပ်ပိုင်ခွင့်များ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကိစ္စအရပ်ရပ် (သို့မဟုတ်) ဌာနဆိုင်ရာလုပ်ငန်းတာဝန်အရပ်ရပ်တို့ သည် ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်ထံသို့ ရောက်ရှိသွားပါသည်။
၁၃။    ၁၁-၁၂-၁၉၇၆ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်ကောင်စီ၏ (၆၀)ကြိမ်မြောက် အစည်းအဝေးက ပြည်သူ့ကောင်စီအဆင့်ဆင့်၏အခြေခံရုံးများအဖြစ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအဆင့်ဆင့်ကို နိုင်ငံတော်ကောင်စီအောက်သို့ လွှဲပြောင်းပေးအပ်ရန် ဆုံးဖြတ်ခဲ့ ပါသည်။ ဝန်ကြီးအဖွဲ့၏ ၁၈-၃-၁၉၇၇ရက်စွဲပါ အမိန့်ကြော်ငြာစာ (၃/၇၇)ဖြင့် ၁၉၇၇ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှစ၍ အထွေထွေအုပ်ချုပ်ရေးရုံးအဆင့်ဆင့်သည် ပြည်သူ့ကောင်စီ အဆင့်ဆင့်၏ အခြေခံရုံးများအဖြစ် လွှဲပြောင်းရယူပြီး ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဌာနတွင် ကျန်ရှိသည့် အထွေထွေဌာနခွဲ၊ စည်ပင်သာယာရေးဌာနခွဲ၊ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနခွဲများ၏ လုပ်ငန်းများဆောင်ရွက်ရန် ၁-၄-၁၉၇၇ရက်နေ့မှစ၍ အထွေထွေ ဦးစီးဌာနဟု ပြင်ဆင်ခေါ်ဝေါ်ဖွဲ့စည်းခဲ့ပါသည်။

၁၄။    ၁၈-၉-၁၉၈၈ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာအရပ်ရပ်ကို တာဝန်ယူ ခဲ့ပြီး အမိန့်အမှတ် (၁/၈၈)ဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရုံးမှ ဝန်ထမ်းရာထူး အင်အား(၁၇၄) နေရာနှင့် ယခင် ပြည်နယ်/ တိုင်းနှင့် မြို့နယ်ပြည်သူ့ကောင်စီရုံးများရှိ ဝန်ထမ်းရာထူး (၂၆၁၄၀)နေရာ၊ စုစုပေါင်း (၂၆၃၁၄)နေရာကို ယင်းရာထူးနေရာအသီးသီးတွင် တာဝန် ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများနှင့်အတူ ၁-၁၁-၁၉၈၈ရက်နေ့မှစ၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးသည့် အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄/၈၈)ဖြင့်ထုတ်ပြန်၍ ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန အောက်ရှိ အထွေထွေဦးစီးဌာနကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟု ၇-၁၁-၁၉၈၈ရက်နေ့ မှစ၍ ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ယင်းကိုအစွဲပြု၍ နှစ်စဉ် နိုဝင်ဘာလ ၇ ရက်နေ့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အဖြစ် ကျင်းပလျက်ရှိပါသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကာလ အုပ်ချုပ်ရေးပြုပြင်ခြင်း
၁၅။    နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် နိုင်ငံတော်၏ အာဏာအရပ်ရပ် ကို လုံးဝတာဝန်ယူထားသည့်အားလျော်စွာ ပြည်နယ်/တိုင်းနှင့် မြို့နယ်များတွင် တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေး၊ ပြည်သူ များ၏ စားဝတ်နေရေးချောင်လည်စေရေးတို့ကို ဆောင်ရွက်နိုင်ရန် ပြည်နယ်/တိုင်းငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့များကို ကြေညာချက် (၅/၈၈)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ ပြည်နယ်/တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအထွေထွေဦးစီးဌာနမှူးသည် အဖွဲ့ဝင် အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးလုပ်ငန်း များ ပိုမိုချောမွေ့လျှင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စု ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကြေညာချက်အမှတ် (၇/၈၈)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။ ပြည်နယ်/ တိုင်း ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးသည် မြို့နယ်စုငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်လာပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၈-၁၁-၈၉ရက်စွဲပါ အမိန့်ကြော်ငြာစာ ဖြင့် မြို့နယ်စုရုံး (၅၀)ဖွဲ့စည်းခဲ့ပါသည်။ ထို့အပြင် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့များကို ဥက္ကဌအဖြစ် တပ်မတော်အရာရှိ၊ အဖွဲ့ဝင်များအဖြစ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူး၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးကဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် ဥက္ကဌမှတာဝန် ပေးအပ်သူတို့ပါဝင်၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကြေညာချက် (၅/၈၈)ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။

၁၆။    ရပ်ကွက်/ ကျေးရွာအုပ်စုမှ ကြည်ညိုလေးစားသူ အဖွဲ့ဝင်(၃)ဦး၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုထမ်းစာရေး (၁)ဦးတို့ပါဝင်သော ရပ်ကွက်/ ကျေးရွာအုပ်စုငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့၏ ကြေညာချက် (၇/၈၈)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

၁၇။    ထို့နောက် ၁၉၉၂ခုနှစ်တွင် အနာဂတ်ကာလစီမံခန့်ခွဲရေးယန္တရားကို မျှော်မှန်း၍ အုပ်ချုပ်ရေးအဖွဲ့အစည်းများအား အလေ့အကျင့်ရရှိနိုင်ရန်အလို့ငှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကြေညာချက် (၁၄/၉၂)ဖြင့် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိများအား ဥက္ကဌတာဝန်ပေးအပ်၍ ဖွဲ့စည်းခဲ့ပါသည်။ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာန၏ ၇-၁၀-၉၂ရက်စွဲပါ အမိန့်ကြော်ငြာစာ ဖြင့်  မြို့နယ်စုရုံးများကို ခရိုင်ရုံးများအဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

၁၈။    နိုင်ငံတော်တွင် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်လာစေရန် နှင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် အမြန်ဆုံးဖြစ်ထွန်း တည်ထောင်နိုင်စေရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကို ၁၅-၉-၉၇ ရက်စွဲပါ ကြေညာချက်အမှတ် (၁/၉၇)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုလည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်း များကိုလည်းကောင်း အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်နှင့် နောင်တွင်ကျင့်သုံးမည့် စီမံ ခန့်ခွဲရေးယန္တရားကို မျှော်မှန်း၍ ပြည်နယ်/ တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ များကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ကြေညာချက်အမှတ် (၂/၂၀၀၆) ဖြင့် ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ ပြည်နယ်/ တိုင်းအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ ပြည်နယ်/ တိုင်းအုပ်ချုပ်ရေးမှူးများသည် အဖွဲ့ဝင်အဖြစ်မှ အတွင်းရေးမှူး တာဝန်ကို ပြောင်းလဲထမ်းဆောင်ခဲ့ပါသည်။ အလားတူ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ (၂/၂၀၀၆)အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ် ရေးမှူးများသည် ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ရပါသည်။ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဆင့်တွင်မူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြို့နယ်အုပ်ချုပ်ရေးမှူး ဥက္ကဌတာဝန်ကို ထမ်းဆောင် ရပါသည်။ ရပ်ကွက်/ ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ရပ်ကွက်/ ကျေးရွာ အုပ်စုမှ အများကြည်ညိုလေးစားသူ အဖွဲ့ဝင်(၂)ဦး၊ ရပ်ကွက်/ ကျေးရွာအုပ်စုအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အမှုထမ်းစာရေး (၁)ဦးတို့ဖြင့် ပါဝင်ဖွဲ့စည်းခဲ့ပါသည်။ ယင်းသို့ ပြင်ဆင် ဖွဲ့စည်းပြီးနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ကြေညာချက် (၃/၂၀၀၆)ဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် ခရိုင်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဌတာဝန်ကို ထမ်းဆောင်ရပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ကာလ(ယနေ့ခေတ်)
၁၉။    နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ၏  ၃၀-၃-၂၀၁၁ ရက်စွဲပါ၊ ကြေငြာ ချက်အမှတ် (၆/၂၀၁၁)အရ ပြည်နယ်၊ တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ကို ဖျက်သိမ်းခဲ့ပါသည်။ ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသော တိုင်း ဒေသကြီး/ပြည်နယ်လွှတ်တော်များတွင် ရွေးချယ်တာဝန်ပေးခံရသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးဆိုင် ရာပုဂ္ဂိုလ်များကို အာဏာအပ်နှင်းခဲ့ပါသည်။ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများသည် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်ရုံး၊ အစိုးရအဖွဲ့တို့၌ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးသည် ယင်းအစိုးရအဖွဲ့တို့၏ အတွင်းရေးမှူးဖြစ်ပါသည်။

၂၀။    နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏  ၃၀-၃-၂၀၁၁ ရက်စွဲပါ၊ ကြေငြာ ချက်အမှတ် (၇/၂၀၁၁)အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုရှိ ဦးစီးအဖွဲ့များကို လုပ်ပိုင်ခွင့် အာဏာအပ်နှင်းပြီး ယင်းဒေသရှိ ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနှင့် မြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့ကို ဖျက်သိမ်းခဲ့ပါသည်။ ထိုဒေသတွင်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးများ တွင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
၂၁။    နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏  ၃၀-၃-၂၀၁၁ ရက်စွဲပါ ကြေငြာချက် အမှတ်(၈/၂၀၁၁)ဖြင့် ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနှင့် မြို့နယ်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့ကို ဖျက်သိမ်းခဲ့ပါသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏လုပ်ငန်းတာဝန် များကိုဆောင်ရွက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ၏လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။

အုပ်ချုပ်ရေးမှူးအခေါ်အဝေါ်များ ပြင်ဆင်ခြင်း
၂၂။       အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ကိုလိုနီခေတ်ကပင် တည်ရှိခဲ့သော အုပ်ချုပ်ရေး အဖွဲ့အစည်းဖြစ်ပြီး ပြောင်းလဲလာသော အုပ်ချုပ်မှုယန္တရားဖြစ်စဉ်များနှင့်အညီ အုပ်ချုပ်ရေး အခေါ်အဝေါ်များကို အဆင့်ဆင့်ပြင်ဆင်ခေါ်ဝေါ်ခဲ့ပါသည်။

စဉ်     ကာလ                                        အခေါ်အဝေါ်များ

(က)  ကိုလိုနီအုပ်ချုပ်ရေး                        တိုင်းမင်းကြီး/ခရိုင်ဝန်၊ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင်

                                                           လက်ထက်မှ ၁၉၇၂ ခုနှစ်

 

(ခ )  ၁၉၇၂ ခုနှစ်နောက်ပိုင်း                   ပြည်နယ်/တိုင်းဦးစီးဌာနမှူး၊ မြို့နယ်ဦးစီးဌာနမှူး

                                                           ပြည်နယ်/တိုင်းရုံးအဖွဲ့မှူး၊ မြို့နယ်ရုံးအဖွဲ့မှူး

 

(ဂ )  ၁၉၉၄ ခုနှစ်နောက်ပိုင်း                   ပြည်နယ်/တိုင်းအုပ်ချုပ်ရေးမှူး

                                                           ပြည်နယ်ခွဲ/တိုင်းခွဲအုပ်ချုပ်ရေးမှူး

                                                           ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး

 

(ဃ)  ၂၀၁၁ ခုနှစ်နောက်ပိုင်း                   တိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေးမှူး

                                                           ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊

                                                           မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး